(၄-၆-၂၀၂၃ ရက်၊ ကော်လ်ကတ္တား)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုးသည် စီးပွားရေးသံမှူး ဦးကောင်းထွဋ်အောင် လိုက်ပါလျက် ၄-၆-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၁၁:၄၅) နာရီအချိန်တွင် J. W. Marriott Hotel ၌ ကော်လ်ကတ္တားဆိပ်ကမ်း (Syama Prasad Mookerjee Port, Kolkata) မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေ ကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်းတွင်းရေကြောင်းသွားလာရေးတို့နှင့်ပတ်သက် သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal ၊ ပြည်နယ်ဝန်ကြီး Shantanu Thakur ၊ Syama Prasad Mookerjee Port, Kolkata မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ခံကိုယ်စားလှယ်များ၊ နီပေါ၊ ဘူတန်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဘင်္ဂလားဒေ့ရှ် High Commissioner ရုံးမှ ကော်မရှင်နာနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆိပ်ကမ်းအသုံးပြုမှု၊ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ကုန်းတွင်းရေကြောင်းသွားလာရေးတို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်အနာဂတ်စီမံကိန်းများ၊ လက်ရှိကြုံတွေ့နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများအား တင်ပြ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး Sarbananda Sonowal ကလည်း အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေရန် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိကာ အခက်အခဲနှင့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

